ဒီဇင်ဘာ ( 31 )

ဘာလိုလို နဲ့
ဒိုင်ယာရီထဲ လမ်းလျှောက်ခဲ့တာ
အနှစ် (20)တောင် ကျော်ခဲ့ပြီ
မတူညီ တဲ့ ရလဒ်တွေကို
အတင်း ညီမျှခြင်း ထိုးပြီး
တံတားကူးခဲ့တာ
ခုမှ.......
ဘ၀က လမ်းမလျှောက်တတ်မှန်း
သိတော့တယ်..

လျှောက်နေသူချင်း အတူတူ
ငါ့ ခရီး ကြမ်းနေလို့
မလွမ်းပါဘူး
အတိတ်မှာ အရိပ်မှမရှိခဲ့ပဲ
နေပူတယ် ငြီးမှတော့ အလကားပဲပေါ့

ဝေဒနာကို ကျူဖျာလို
ဖြန့်ခင်းလို့ အိပ်ရင်း
ကိုယ်ရင်ဘတ် ကိုယ်ချော့သိပ်ခဲ့တာ
လွမ်းတေးတွေတောင် ဆွေးရော့မယ်

ခက်ခဲလိုက်တာ...

ဘ၀မှာ အားကိုးစရာဆိုလို့
အမေ မပေးပဲပါလာတဲ့
လောကဓံ ရှစ်ကောင်ပဲရှိတယ်

လေပြေနောက်
တကောက်တကောက်လိုက်ရင်း
ငြိမ်ချမ်းမှု့တွေ ရှာဖွေခဲ့လို့
မိုးကြိုးတွေလဲ
အကြိမ်ကြိမ်ပြစ်ခံခဲ့ရပေါင်းများပြီ

သြော်.........

ဘယ်တော့များမှ
နှောင်းကြိုးထောင်မှ လွတ်နိုင်ပါတော့အံနည်း

နေပါစေတော့လေ
ရေဆာလို့ နှင်းတစ်စက်တောင်
မကျတဲ့ ငါ့လမ်းမှာ
ဘယ်မိုးမှ မရွာစေရဘူး
စိတ်ချ..........

ငါ့သွေး ငါဖေါက်
ငါကိုယ်တိုင်သောက်ပြီး
ငါ့ လမ်း ငါလျှောက်ပြမယ်...။

Comments

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

ငါ နဲ့ ငါ

မေမေ