ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

" အားးးး ကြောက်ပါပြီ ဖေကြီးရယ် မလုပ်ပါ နဲ့တော့ သားနာတယ် နောက် မလုပ်တော့ပါဘူး" ကျနော် ဘယ်လိုပဲအော်နေပါ စေ အဖေက တော့ လက်ထဲက တုတ်ကို တစ်ချက်မှ မလျှော့ခဲ့ပါ ၊ နောက်ထပ်လဲ အကြိမ်ပေါင်းများစွာ ကျနော်ကိုယ်ပေါ် ကျရောက်လာပြန်ပါသည် ။ " အားး မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သားမလုပ်တော့ပါဘူး ညီမလေး မုန့်ကို နောက်မစားတော့ပါဘူး .. အီးး ဟီးး .. ... မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သား နာတယ် " ကျနော့် ရဲ့ ငိုယို တောင်းပန်မှုတွေက အဖေရဲ့ ဒေါသတွေ ကို ပြေပြောက်နိုင်စွမ်း မရှိပါ ။ အဖေ ကျနော်ကို အတော် ဒေါသထွက်နေတယ် ၊ အဖေ ဒေါသထွက်တိုင်းလဲ ကျနော်မှာ အသဲခိုက်အောင် နာကျင်လှတယ် ၊ အဖေ ဒီလိုရိုက်ပုတ်တိုင်း ကျနော် အမေ ကို အားကိုးမိတာ အမှန်ပါ ဒါပေမဲ့ ခုချိန်မှာ တော့ အမေ့ကို ကျနော် အားကိုးတကြီး လှမ်းမကြည့်တော့တာ ကြာပါပြီ ၊ လွန်ခဲ့တဲ့ 2 နှစ်လောက်ကတော့ အဖေ ရိုက်တဲ့ အခါတိုင်း အမေကို အားကိုး ငိုယိုပြီး တိုင်းတောတာတို့ အားကိုးတကြီး တောင်းပန်တာတို့ လုပ်ခဲ့ဘူးပါတယ် ၊ ဒါပေမဲ့ အမေ ကျနော်ကို ကာကွယ်မှု့ တစ်စုံ တရာ မလုပ်ခဲ့ပါဘူး ၊ သည့်အပြင် နင့် အဖေ မကြိုက်တာ သွားလုပ်တယ် ဆိုပြီတော့တောင် ထပ်ကာ ထပ်ကာ အကြိမ်ကြိမ် ရိုက်ခံခဲ့ရပြန်တယ် ၊ သည့် နောက်ပိုင်းတော့ ကျနော် အမေ့ကို အားကိုးတကြီး စိတ်ထဲ ကနေ ထုတ်ပြစ်လိုက်ပါတော့တယ် ၊ ခုလည်း ကျနော် ရိုက်ခံနေပြန်ပြီ ကျနော် အတွက်တော့ ဒါတွေ က နေတိုင်း ဖြစ်နေကြဖြစ်လို့  ထူးဆန်းမနေတော့ပါဘူး ဒါပေမဲ့ ကျနော် အသဲခိုက်အောင် နာလှပါတယ် ၊ ကျနော် အမှားတစ်စုံတစ်ရာ မလုပ်ဖြစ်ခဲ့ဘူးလို့ ပဲ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် ၀န်ခံဖြစ်ခဲ့ပါတယ် ။ ယခု အဖေ အားရအောင်ရိုက်လို ကျေနပ်သွားပါပြီ . အမေ ကို မသိသာ ငဲ့ကြည့်မိတယ် အရေးမလုပ်သည့် အပြင် အမေ့ မျက်လုံးတွေက အပြစ်လုပ်မိသော တရားခံကို ဘေးကနေ သရော်နေသယောင် ။ ကျနော် အားငယ်စွာ အခန်းဒေါင့်မှာ ကွေးကွေးလေး ထိုင်နေမိတယ် ၊ ပါးပြင်ပေါ်က မျက်ရည်တွေကတော့ ခမ်းခြောက်စ ပြုနေပါပြီ ဒါပေမဲ့ ရင်ထဲက မျက်ရည်တွေတော့ ဘယ်တော့မှ ခမ်းခြောက်နိုင်မှာ မဟုတ်တော့ပါဘူး .. ကျနော်က ပဲ ကံဆိုးခဲ့တာလား ဒါမှ မဟုတ် ဘယ်ရောက်နေမှန်း မသိတဲ့ ကျနော် အဖေကို ပဲ အပြစ်တင်ရမည်လား ဒါမှ မဟုတ် အဲ့လောက်အသုံးမကျတဲ့ ကျနော် ကို မွေးထုတ်ပေးခဲ့တဲ့ အမေ့ကို ပဲ အပြစ်တင်ရမည်လား ၊ မသိတော့ပါဘူး တကယ်ကို ကျနော် မသိတော့ပါဘူး ကျနော် အတွက်တော့ အရားအားလုံးအမှောင်တွေ ပါပဲ အလင်းဆိုတာ ပြောက်ကွယ်ခဲ့တာ နှစ်ပေါင်းတော်တော်ကြာခဲ့ပေါ့ ၊ ကျနော် မတွေးချင်တော့ပါဘူး သေချာတာ တစ်ခုတော့ ကတော့ ကျနော် ဒီနေ့လဲ ထမင်းငတ်ရပြန်တော့မယ် ၊ ကျနော့် ရင်ထဲက နာကျင်မှုတွေက ဗိုက်ဆာမှုဒဏ်ကို ခံနိုင်ခဲ့တာလဲ ကြာခဲ့လှပေါ့ ၊ နေ့တိုင်းလိုလို ညနေစာ ငတ်နေခဲ့တဲ့ ကျနော်ဟာ မနက်စာလဲ ကောင်းကောင်းစားရလားဆိုတော့ မဟုတ်ပြန်ပါဘူး မနက်စာကို အငယ် နှစ်ယောက်ဖြစ်တဲ့ ညီမလေး နဲ့ ညီလေး ကျန်မှ ကျနော် အမေ နဲ့ အဖေ မသိအောင် ခိုးစားရပါတယ် ၊ အိုးထဲမှာတော့ ကျနော် အတွက် ရည်ရွယ်ချက် ထမင်းမရှိဘူးလေ ၊ ဒီလိုပဲ ကျနော် ဘ၀ ကျင်လည်ခဲ့ရတယ် ၊ အမေရှိရင် ငွေရှိတယ်တဲ့ အမေ အိမ်က ကိုယ် ့ အိမ်ပဲ အမေ့ ပစ္စည်းက ကိုယ်ပစ္စည်းပဲ ဆိုတဲ့ စကားတွေ ရပ်ကွက်ထဲမှာ လမ်းတကာမှာ ကျနော် ကြားခဲ့ရပေါင်းမနည်းပါဘူး ၊ ကြားတိုင်းလဲ ကျနော် အထူးတဆန်း နားထောင်ခဲ့ရတာချည်းပါပဲ ၊ အမေရှိ ရင် အားလုံးပြည့်စုံတယ်တဲ့ ဒီလိုဆို ကျနော်ကရော ကျနော် မှာ အမေ ရှိတယ်လေ ငွေဆိုတာ တော့ ဘာမှန်းကောင်းကောင်းမသိဘူး ၊ အမေ အိမ်လဲ ရှိတယ် ဒါပေမဲ့ ကျနော် ငရဲခန်း အမေ့ ပစ္စည်းတွေ ရှိတယ် ကျနော် အတွက်တော့ အဆိပ်သီး ဒါဆို သူတိုပြောတာ မှားနေတာ လား ကျနော် ပဲ မှားတာ လား ကျနော် သေချာ မသိဘူး .. ကျနော်ရွယ်ကတူကလေးတွေ ကျောင်းတက်နေကြတယ် ကျနော် ကျောင်း မတက်ရတာ ကြာလှပြီပေါ့ သူငယ်တန်းဆိုတာ တော့ ကျနော်ကောင်းကောင်းသိတယ်လေ ဖေဖေ ရှိတုန်းက တက်ခဲ့ရတာ ဖေဖေ မရှိတော့ တဲ့နောက်ပိုင်း ကျောင်းလဲ ကျနော်ဆီ က ထွက်ခွာသွားတယ် ကျနော်
စာတတ်ချင်တယ်ဗျာ ၊ မချမ်းသာချင်ပါဘူး စာရိတ္တကောင်းကောင်း နဲ့ ပညာတတ်တစ်ယောက်ပဲ ဖြစ်ချင်တယ် ငွေဂုဏ်မက်ပြီး လောဘရောင်တွေ မတောက်နေချင်ဘူး ၊ ဒါတွေ က ကျနော် နောက်ဘ၀ ရောက်မှ ဖြစ်နိုင်မှာတွေ လား ၊ လောလောဆယ်တော့ ကျနော် တစ်ညလုံး ဒီလိုပဲ နေရတော့မယ် ၊ ရင်ထဲက မျက်ရည်တွေ လဲ မခမ်းနိုင်အောင် ကျဆင်းနေပြီ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖေဖေ ကို လွမ်းလိုက်တာ ဖေဖေ ရှိခဲ့တုန်းကတော့ ကျနော် အရာအားလုံးပြည့်စုံတယ် ညဆို ဖေဖေ ပုံပြင်တွေ တသီကြီး ပြောပြီး သိပ်တတ်တယ် တစ်ခါတစ်ခါ ဖေဖေက သူရဲ့ အသံဆွဲဆွဲ ရှေးသီချင်းတွေ ဆိုပြီးသိပ်တတ်တယ် ၊ ဖေဖေ အလုပ်ကပြန်လာရင်လဲ ကျနော် အတွက် မုန့် တစ်ခု အမြဲတမ်းပါလာခဲ့တယ် ၊ ကျနော် ဖေဖေ ကိုလွမ်းလိုက်တာဗျာ ဖေဖေ တမလွန်မှာ ကောင်းကောင်းရော နေရရဲ့လား ၊ ကျနော် လမ်းထဲ က အဒေါ်ကြီးတစ်ယောက်ပြောတာ ကြားခဲ့ဘူးတယ် ဖေဖေ ၊ လူတစ်ယောက်သေသွားရင် အဲ့ဒီလူ အတွက် ကိုယ် က ကောင်းမှုသိုလ်လုပ်ပေးပြီး အမျှ ဝေ ရင် တမလွန်ကလူ ကောင်းကောင်းနေရတယ် တဲ့ ၊ သားကြီးလာရင် အလုပ်လုပ်ပြီး ပိုက်ဆံ စုမယ် ဖေဖေ သားဖေဖေ အတွက် ကုသိုလ်တွေ အများကြီးလုပ်ပေးမယ် ၊ အဲ့ဒါမှ ဖေဖေ တမလွန်မှာ ကောင်းကောင်းနေနိုင်မှာ ၊ ဖေဖေ ရေ သား လောကကြီးကို စိတ်ကုန်နေပြီဗျာ ၊ ကျနော် အိမ်မှာ မနေချင်တော့ဘူး ဒါပေမဲ့ ကျနော် သွားလို့ မရခဲ့ဘူး ကျနော် အဖေ မဟုတ်သေးဘူး ကျနော် ရဲ့ ပထွေး သူ့ကို ကျနော် ကြောက်တယ် ကျနော်ကို အိမ်က ထွက်ပြေးတာ သိရင် ကျနော် ကို အသေ သတ်မှာ ၊ ကျနော် အတွေးထဲမှာ မျှောနေတုန်း ကျနော် နာမည် ရုတ်တရက်ခေါ်လိုက်သံကြားရတယ် ကျနော် တုန်ခနဲလဲဖြစ်သွားတယ် အဖေ ထပ်ခေါ်မှာကို ကျနော်ကြောက်နေတာပါ ၊ တကယ်တော့ အဖေ့ အသံမဟုတ်ပါဘူး ဘေးအိမ်က အကိုကြီး အသံပါ " လေပြေ ညီလေး လာလာ ဒီကိုလာ အိမ်မှာ လာအိပ် မင်းအမကြီး ထမင်းတွေ အများကြီးချက်ထားတယ် လာလာ ညီလေး " ဆိုပြီး ခေါ်နေပါတယ် ကျနော် အမေ့ ကို တစ်ချက်ကြည့်လိုက်တယ် ၊ အမေက သွားသွား နင် သွား နင့်ကိုမြင်ရတာ ကြက်သရေ မရှိဘူး ၊ ကျနော် စိတ်မကောင်းဘူး အမေ ပါးစပ်က ကျနော့်ကို ပြောလာတဲ့ စကားတွေက အရမ်းကိုကြမ်းတမ်းလွန်းနေတယ် ၊ ကျနော် ထပြီး ကျုံ့ကျုံ့ လေး အဖေ ရှေ့ က ဖြတ်လျှောက်လိုက်တယ် ပြီးတော့ အဖေရဲ့ တီးတိုးရေရွတ်သံကိုလဲကြားလိုက်ရတယ် ၊ အဖေ ဘာပြောပြော ကျနော် မသိချင်တော့ပါဘူး ကျနော်လိုက်သွားလိုက်တယ် ၊ ဘေးအိမ်က အကိုကြီးက ကျနော်ကို သနားတယ် ထင်ပါတယ် ယခုလို ကျနော် ကျနော်ကို ခေါ်တာ သုံး လေး ခါ မကတော့ပါ ဘူး သူ့အိမ်ရောက်တော့ ကျနော်ကို ထမင်းကြွေးပါတယ် ပြီးတော့ ကျနော် အိပ်ဘို့ အိမ်ရှေ့ခန်းမှာ ဖျာလေးရယ် အိပ်ရာခင်းလေးရယ် ခေါင်းအုံးနဲ့ စောင် ရယ် အသင့်လုပ်ထားပေးပါတယ် ၊ သူတို့က သူငယ်ချင်း 3 ယောက်နေတာပါ ကျနော်ကို ခေါ်တဲ့ အကိုကြီးက ခုမှ မိန်းမယူလို့ ကျနော်တို့ရပ်ကွက်မှာ လာငှားနေတာပါ သူတို့ သူငယ်ချင်းသုံးယောက်လုံးစိတ်ရင်းကောင်းကြတယ် ခေတ်ပညာတတ်တွေလိုလဲ ကျနော်ထင်တယ် ၊ သူတို့က ရပ်ကွက်ထဲက သူတွေနဲ့ စကားပြောတာလဲ သိပ်မတွေ့ပါဘူး သူဖာသာသူတိုနေကြတယ် တစ်ခါ တရံ သူတိုသူငယ်ချင်းတွေ လာတာတွေ့တယ် အားလုံး ချောချောမောမော တွေကြီးပဲ ကျနော် အားကြလိုက်တာ သူတို့ကို ၊ သူတို့ထဲက အကိုကြီး တစ်ယောက် ကျနော်ကို စာသင်ပေးမယ်ပြောဘူးတယ် တကယ်လဲ သင်ပေးပါတယ် စိတ်ရှည်လက်ရှည် ပြပေးတယ် ၊ ဒါပေမဲ့ ကျနော် 3 ရက်ပဲသင်လိုက်ရပါတယ် ၊ အဖေ က မသင်ရဘူးဆိုလို့ မသင်ရတော့ပါဘူး၊ ကျနော် ငိုချင်တယ် အားရပါးရ ငိုပြစ်လိုက်ချင်တယ် ဒါပေမယ့် ကျနော်မျက်ရည်တွေ မထွက်တော့ပါဘူး ဘယ်တော့မှလဲ ကျနော်မျက်ရည်တွေ ကျလာတော့မှာ မဟုတ်ပါဘူး ၊
ဘယ်တော့မှ ဆုံးနိုင်မယ် မသိတဲ့ ကျနော့် ငရဲခန်းကိုလည်း ၊ ကျနော်ကြောက်လှပါပြီ ။ တခြားသူတွေရော ကျနော်လိုပဲ ရှိနေကြသလား ၊ ကျနော် တစ်ယောက်ထဲပဲ ဒီလိုဖြစ်နေတာလား ၊ မသိတော့ပါဘူး ဘာပဲပြောပြော ကျနော် ဒီည တော့ ကောင်ကောင်းအိပ်စက်ခွင့် ရတော့မှာပါ အတိုင်းမသိလဲ ၀မ်းသာမိတယ် အကိုကြီးတွေကိုလဲ ကျေးဇူးတင်မိတယ် ။ ။ ၊။



>>> စာကြွင်း ..... ကလေးငယ်တစ်ယောက် ရဲ့ အဖြစ်မှန်ကို ခံစားတင်ပြပေးထားတာပါ ကလေးငယ်ရဲ့ နာမည်ကလဲ သူအရင်းအတိုင်းပဲ ထည့်ပေးထားပါတယ် ၊။

Comments

Popular posts from this blog

မေမေ

ဘ၀လက်မဲ့ ( 4 )