Posts

Showing posts from December, 2009

ဘာလဲ..?

ဘဝဆိုတာ အလုံးလား အပြားလားလို့ စမ်းစစ်ကြည့်လိုက်တာ ဘယ်ဟုတ်လိမ့်မတုံး အမေရေ.. သူက................ ရေထဲမှာမှ တွားသွားတတ်တဲ့ သတ္တဝါတစ်ကောင်တဲ့လေ၊ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့ ကြား ဘူးခဲ့တဲ့ လက်တန်း စကားပုံတစ်ခုပါ..၊ သြော်.. အခွန်မဆောင်ပဲ မျိုချလိုက်မိတဲ့ လေ တချို့ အတွက်တောင် အားမိပါရဲ့ ။

အား... ?

အား...... အိပ်မက်ထဲမှာ အကျဉ်းချခံလိုက်ရလို့ ငါ လန့်နိုးခဲ့တာပါ၊ မထူးပါဘူး... အပြင်မှာလဲ အကျဉ်းချခံနေရတုန်းပါပဲ..၊ အား.... ငါအော် တာမဟုတ်ပါ ဘူး..။

မွေးမိခင်သို့ တမ်းခြင်း

မေမေ.. ဖြစ်ခဲ့တဲ့ အရာတွေက ပြီးသွားခဲ့ပြီပဲ ပြန်ပေးပါလို့ မတောင်းချင်ပေမဲ့ ပြန်တော့ တောာင်းတနေမိတယ်...မေမေ၊ ပတ်ဝန်းကျင်ဆိုတာ အသိုက်အမြုံတစ်ခုကို အရောင်ပြောင်းစေနိုင်တယ်လို့ အစက.. ဘယ်ယုံကြည့်ခဲ့မှာလဲ ခုတော့...ယုံကြည်စပြုခဲ့ပြီကော၊ အေးချမ်းတဲ့ အရိပ်မြုံတစ်ခုကို ရုတ်တရက် အမဲရောင်ပြောင်းသွားစေခဲ့တယ် လေနောက် ပါသူပါ အတောင်ကျိုးလို့ ဖေါင်ပျက်ကာ မျောသူမျောပေါ့၊ စစ်မကြေငြာပဲ အလစ်ဝင်တိုက်တာထက်ဆိုးတယ် ခံလိုက်ရတာ ကြေကြေမွမွပဲ ဒါကို.. ကျီစာတာဆို ကဲ...ကံကြမ္မာ ပြန်ဆက်လို့ မရတော့တဲ့ ကျိုးပျက်မှု့တစ်ခုကို မင်း.. ဘယ်လိုကုစားမလဲ ပြော..၊ ပြန်မပြင်နိုင်တဲ့ အမှားမျိုးတွေ ကြူးလွန်ခဲ့ကြတာ မဟုတ်လို့ ဘယ်အကြွေးတွေမှ ပြန်ဆပ်စရာမလိုဘူး မေမေ..၊ လိပ်ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သွားတတ်တာ သဘာဝပါ..၊ တိမ်ပေါ်လျှောက် မြောက်နေမှ လူလို့ ခေါ်ကြစတမ်းဆို သားတော့ .. ရေအောက်ပဲ ငုပ်နေတော့မယ်... မေမေ။

မြစ်ထဲက လူသား

ဘာရယ်မသိပဲ မျှော်လင့်ချက်တွေ တနင့်တပိုးလွယ်ပြီး မာယာ မြစ်ကြောင်းတလျှောက် ငါ.... စုန်ဆန် စီးမျှောခဲ့ပြီ၊ ပေါများလိုက်တဲ့ အချိုးအကွေ့တွေရယ် ကျောက်ဆောင် ကျောက်ကမ်းပါးတွေလဲ အကြိမ်ကြိမ်တိုက်မိခဲ့ပေါ့..၊ ဗေဒါ တချို့ နဲ့ မိတ်ဖွဲ့ရင်း လှိုင်းကြမ်းတွေကို ကြံ့ကြံ့ခံ မှုန်တိုင်းဒဏ်ကို တွန်းလှန်ရင်း ငါ... ရင့်ကျက်ခဲ့ပါတယ်... လေပြေ..၊ နစ်မြုပ်နေဆဲ ငါ့စိတ်ဓါတ်ကို အကြိမ်ကြိမ် ဆယ်ယူ ဆွဲပြန်ထူရင်း မာယာ မြစ်ထဲ ငါ... ဆက်လက် ရွက်လွှင့်ခဲ့တာပေါ့ ၊ သြော်..... ခုများတော့လဲ မက်မောမှု့တွေတောင် အိပ်မောကြနေခဲ့ပါပြီကော....။

ဒီဇင်ဘာ ( 31 )

ဘာလိုလို နဲ့ ဒိုင်ယာရီထဲ လမ်းလျှောက်ခဲ့တာ အနှစ် (20)တောင် ကျော်ခဲ့ပြီ မတူညီ တဲ့ ရလဒ်တွေကို အတင်း ညီမျှခြင်း ထိုးပြီး တံတားကူးခဲ့တာ ခုမှ....... ဘ၀က လမ်းမလျှောက်တတ်မှန်း သိတော့တယ်.. လျှောက်နေသူချင်း အတူတူ ငါ့ ခရီး ကြမ်းနေလို့ မလွမ်းပါဘူး အတိတ်မှာ အရိပ်မှမရှိခဲ့ပဲ နေပူတယ် ငြီးမှတော့ အလကားပဲပေါ့ ဝေဒနာကို ကျူဖျာလို ဖြန့်ခင်းလို့ အိပ်ရင်း ကိုယ်ရင်ဘတ် ကိုယ်ချော့သိပ်ခဲ့တာ လွမ်းတေးတွေတောင် ဆွေးရော့မယ် ခက်ခဲလိုက်တာ... ဘ၀မှာ အားကိုးစရာဆိုလို့ အမေ မပေးပဲပါလာတဲ့ လောကဓံ ရှစ်ကောင်ပဲရှိတယ် လေပြေနောက် တကောက်တကောက်လိုက်ရင်း ငြိမ်ချမ်းမှု့တွေ ရှာဖွေခဲ့လို့ မိုးကြိုးတွေလဲ အကြိမ်ကြိမ်ပြစ်ခံခဲ့ရပေါင်းများပြီ သြော်......... ဘယ်တော့များမှ နှောင်းကြိုးထောင်မှ လွတ်နိုင်ပါတော့အံနည်း နေပါစေတော့လေ ရေဆာလို့ နှင်းတစ်စက်တောင် မကျတဲ့ ငါ့လမ်းမှာ ဘယ်မိုးမှ မရွာစေရဘူး စိတ်ချ.......... ငါ့သွေး ငါဖေါက် ငါကိုယ်တိုင်သောက်ပြီး ငါ့ လမ်း ငါလျှောက်ပြမယ်...။

လရောင်ချို လက်ရာ

အသည်းမကောင်းပဲ ပွဲတောင်းခဲ့သူပါ ဘ၀မှာ အခွင့်ရေးဆိုလို့ ပယ်နယ်တီ တစ်လုံးတောင်မရခဲ့ပါဘူး မျှော်လင့်ချက်ဆိုတာလဲ မျှော်စင်ကြီးသက်သက်ဖြစ်လာရုံပါပဲ အိပ်မက်ထဲမှာတောင် မြိုပျက်ကြီးလို အယောင်ဆောင်ခွင့် ရခဲ့သူပါ.. ဘယ်လောက်ပဲခေါ်ခေါ် ကောင်းကင်ကြီးက ငဲ့လို့တောင် ခေါ်ဖေါ်မရ မြေကြီးက ပင့်မထားရတဲ့ အဖိုးဝန်ခကို တောင်ချင်တဲ့ပုံနဲ့ အခြေနေမကောင်းပေမယ့် အ နေတဲ့ ခြေထောက်တွေက နေမကောင်းချင်ပြန်ဘူး နောက်ပြန်ပက်လက် မူနေတဲ့ လခြမ်းကလေးတောင် မိန်းမဆိုးလေးလို မုန်း ချင်ယောင်ဆောင်တယ် ခက်တယ် ကိုယ်က လောကကြီးကိုမှ ရုံသွင်းပြီး ကန့်လန့်ကာ ဖွင့်ချင်တဲ့ကောင်..။ ကဗျာဆရာ လရောင်ချို ရေးထားတဲ့ လက်ရာလေးပါ ပြောက်ကွယ်နေတာကြာနေလို့ ပြန်ဖေါ်လိုက်တယ်ဗျို့

တာရာမင်းဝေ လက်ရာ

အရှင်… သင်၏ ခေါ်ရာ ထပ်ချပ်.. ငါ.. လိုက်ပါမည် ။ ကြယ်တစ်ပွင့်ကို ဆွဲယူ ငါ့ကို… ထူပါ ။ ဟိုးမှာ… သေအံ့မူးမူးလူက မြေပြင်ပေါ်က သူ့အရိပ်ကို ကပျာကယာ အိတ်ထဲယူကောက် လက်သည်းတွေတောင် ခွေခေါက်နေပြီ ။ ဒီမှာ… ဦးခေါင်းခွံထက် ဆံဖြူတွေဝပ်တွားတက်နေတဲ့ အဖိုးအို တောင်ဝှေးကျိုးကို ရီဝေကြည့်ငေး သူ… ဘာတွေ တွေးပြီနည်း ။ စမ်းရေကို ငုံ့သောက်မှ ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရသောလူများ အခြားဘာကို တွေ့စွမ်းမလဲကွယ် ။ အတ္တဆိုင်းဘုတ်ကို လည်မျိုမှာ သံငုတ်နဲ့ရိုက် လမ်းမှာလိုက်သော ခရီးသည်များ သံသရာရထားကို စောင့်နေသည် ။ ၀ါးတစ်ပင်ရိပ်မှာ ခြင်္သေ့တို့ပင် အိပ်ဝံ့ပါသလား ။ ၀ါးတစ်ပင်ရိပ်၌ သူတော်စင်တို့ ပျော်ပိုက်ခဲ့ကြပြီ ။ အမှောင်က နက်၏ ကြယ်က လက်မည် ဤခရီး ဝေးသလား ငါ… ရောက်အောင်သွားပါမည်လေ…။ နွေ..နွေ မိုး..မိုး တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား ။ ဆောင်းကိုပန်ပြီး မြောက်ပြန်လေ ရောက်လာမှ ပြာဝေမှိုင်းအုပ် ဟော… နှင်းတွေ တစ်ဆုပ်ပြီးတစ်ဆုပ် ။ သဲကန္တာရက သဲတွေနဲ့ ဖွဲ့စည်းပြသလို မာယာလောက မာယာတွေနဲ့ မှုံရီအုံချနေတယ် ။ ကျောက်ဆစ်ရုပ်က ခေါင်းညိတ်ပြရုံမဟုတ် လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ ငါ တွေ့ခဲ့ဖူးပြီ ။ သွေးစက်တွေနောက်မှာ လက်သည်းနီစက် ရဲရဲတောက

ကြွေလွင့်သွားသော ကြယ်စင်တချို့ သို့ တမ်းခြင်း....

သူငယ်ချင်း အရောင်တွေ အမျိုးမျိုး ဆိုးပြီး အရေခွံတွေ အထပ်ထပ် ခြုံထားတဲ့ ပဉ္စလက်ဆန် လောကကြီးရဲ့ မာယာဝင်္ကဘာ ကောက်ကြောင်းအောက်က အောင်မြင်စွာ ထွက်မြောက်ခွင့် ရသွားတဲ့... မင်းအတွက် ငါဂုဏ်ယူပါတယ်......။ ရာသက်ပန် မဟုတ်တောင် အခိုက်အတန့်တော့ ဖျော်ဖြေခွင့် ရသွားခဲ့တဲ့ မင်းအတွက်လည်း သဘာဝ တရားကြီးက အမှန်တရားနဲ့ ပေးဆပ်ပေးမှာပါ ငါ ထင်ပါတယ် .... ရောက်ရှိလာမယ့် မင်းရဲ့ အနာဂါတ်သစ်ဟာ လှပပြီး ကြည်နူးစရာ ကောင်းတဲ့ မနက်ခင်းများနဲ့ ကြိုဆိုနေလိမ့်မယ် ဆိုတာကိုပေါ့ သူငယ်ချင်းရေ.. တကယ်တော့ ငါတို့ဟာ... သြချစရာမကောင်းတဲ့ လောကကြီးရဲ့ လိုက်ကာနောက်က လှိုင်းဒဏ်ကြားမှာ တမာကို သကာမှတ်ပြီး လွန့်လူးနေကြရတာပါ... တကယ်ဆို ဖြစ်သင့်တာက အဖြူရောင် တိမ်တိုက် တချို့နဲ့ မိတ်ဖွဲ့ပြီး မာယာမပါတဲ့ ကောက်ကြောင်းတွေကို ဖေါ်ထုတ်ကြရမှာ ခုတော့ .... ကန္တာရ လမ်းမှာ မိုးမည်းတွေ ရာသီအပြည့်နဲ့ကွယ်...။ ဆရာတာရာမင်းဝေ ဆုံးတုန်းက ရည်စူးပြီးစပ်ထားတာလေးပါ..

ကြယ်ကြွေသတို့သား

သူငယ်ချင်း မင်းဟာ ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။ သူငယ်ချင်း မင်းဟာ ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။ သူငယ်ချင်းမင်းဟာ ကိုယ့်အနာကိုယ့်လျှာနဲ့ ပြန်သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။ သူငယ်ချင်းမင်းဟာ ကိုယ့်အရေပြား ကိုယ်လွှာကိုယ့်အရိုးကို အပ်လိုသွေးကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့ကျကျနန လှခဲ့ပြီးပြီပဲ။ သူငယ်ချင်းသွားနှင့် သူငယ်ချင်း ကြယ်အစင်းစင်း ကြွေတဲ့ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကိုစွမ်းသမျှ ကုစားဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားထဲမင်းရဲ့ ကဗျာတွေ မာတိကာစီဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကျောင်းနံရံတ၀ိုက် ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့ငါတို့ .......... ။ မင်းကိုနိုင် ဆရာတာရာမင်းဝေရဲ့ ဈာပနမှာကိုမင်းကိုနိုင်ရွတ်ခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ကြိုက်လွန်းလို့ ကျနော် ဘလောဂ်မှာ ကော်ပီတင်လိုက်ပါတယ်..

ဘ၀လက်မဲ့ ( 5 )

အသင်တို့သည် အကျွန်ုပ်အား.. ကဲ့ရဲ့ လိုက ကဲ့ရဲ့ နိုင်၏ ရှုတ်ချလိုက ရှုတ်ချနိုင်၏ မဲ့ရွဲ့လိုက မဲ့ရွဲ့နိုင်၏ ပြစ်ပြစ် နှစ်နှစ် ဆဲရေးလိုက ဆဲရေးနိုင်၏ ငါ သည်ကား.. ငါဖြစ်နေသ၍ အချိန်ထိသာ ဖြစ်၏ ငါ သည် ငါ မဟုတ်တော့သော အခါ ကျေးဇူးပြုပြီး အသင်တို့၏ နှုတ်ကမ္ပါတ်တို့ကို မဖွင့်ဟကြပါ နှင့်.. ရွံ့ ဖြစ်နေချိန်မို့ အသင်တို့ ရဲ့ လိုရာပုံသဏ္ဍာန်ကို ပုံသွင်းနိုင်ပါတယ် ဘီလူးတစ်ကောင်ရဲ့ ကိုယ်ပွားမျိုးနဲ့ ပေါ့ ရာသီမသိမ်းခင်မှာပဲ အောင်ပွဲ ကိုယ်စီရကြပါစေ မျှော်လင့်ခြင်းတွေ ပြည့်ဝကြပါစေ ပြည့်စုံခြင်းတွေ ဆုတောင်းခြင်းတွေ ကောင်းခြင်းရဲ့ ကောင်းသတင်းတွေရယ် ပြီးတော့.. ငါ သည်ကား.......... ငါ ဖြစ်နေသ၍သာ..။

ဘ၀လက်မဲ့ ( 4 )

ရင်လဲခုန်ခဲ့ဖူးတယ် ရင်လဲနာခဲ့ဖူးပြီ ဘ၀က မခုန်ခဲ့ဖူးတော့ ဘ၀နာရဘို့မှန်း မသိခဲ့ဘူး အချိန်တိုင်း ရဲ့ သခင် ဒါက ကြားဖူးခဲ့တာပါ နာရီတိုင်း ရဲ့ ကျေးကျွန် အဲ့ဒါ ကျွန်တော်ပေါ့ ဂုဏ်ယူလိုက်ရမှာလား... တကယ်တော့.. ဘ၀ဟာ နှောင်ကြိုးပါပဲ..... ထွက်ပေါက်ကိုပိတ်ထားတာ မဟုတ်ပါဘူး ငါ...ကိုယ်တိုင်က ရုန်းမထွက်ခဲ့တာပါ အနိုင်လိုစိတ်လည်း မရှိခဲ့ဘူးလေ ဘယ်သူဘာပြောပြော အင်း..........ပဲပေါ့ ကျေနပ်တယ်ဗျာ အရှုံးပေးလိုက်ရတာကို မကျေပြန်ဘူးဗျာ လူတွေက ထပ်အနိုင်လိုခြင်ပြန်ရော တော်ကြပါတော့ အဆုံးသတ်လိုက်ကြပါတော့ အပြစ်တွေကိုလဲ ထပ် မဖန်ဆင်းချင်တော့ဘူး တုန်ရီစွာ မောဟိုက်စွာ ငိုကြွေးခါဖြင့် ငါ.......... အန္ဓတို့ ရဲ့ ကျေးကျွန်းဖြစ်ခဲ့ရပြီလေ..။

ဘ၀လက်မဲ့ ( 3 )

မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ပျက်ဆီး မျောလွင့်နေတဲ့ ပစ္စုပ္ပန် ယိုင်နဲ့နဲ့ ငိုကြွေးတော့မယ့် အနာဂါတ်တွေဟာ ယိုယွင်းခဲ့သော ပစ္စုပ္ပန်မဟုတ်တော့တဲ့ အတိက်က ပျက်ကွက်မှု့ တစ်ခု ယိုးစွပ်နိုင်ပါတယ် လောကကြီးရယ် အသင့်ရဲ့ သားကောင်ပေါင်း မြောက်များစွာထဲကမှ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ အကျွန်ုပ် ဒီလောက်တော့ရှိမှာပေါ့.. ဖြစ်နေကြမဟုတ်တဲ့ လောကဓံ အခုတော့ ဖြစ်နေပြီလေ သြော် ..မှာပြန်ပြီ.. ဖြစ်ပြီးခဲ့ပြီ မဟုတ်ပါလားကွယ်.. ရင်ခွင်တစုံရဲ့ ငြင်းးဆန်မှု့ ရိုးရိုးလေးပေမဲ့ ပြင်းထန်ခဲ့ပြီကွယ် ရင်နာတယ်ဆိုတာ ဒါမျိုးလား ကြိုမမြင်ခဲ့ဘူးလေ.. ကြိုတင်ပြင်ဆင်မှု့လဲမရှိခဲ့.. သေစမ်း....... ပိုးစိုးပက်စက်ကို သေသင့်တယ် ဟုတ်တယ်လေ.. မုဆိုးနား နီးနေပါလျှက်နဲ့ တံငါလိုကျင့်ခဲ့တဲ့ ငါ့စရိုက် မျက်ကန်းမဟုတ်တဲ့အတွက် တစ္ဆေ ကြောက်နေရပြီမဟုတ်လား.. အို............. ခြောက်လှန့်ကြပါတော့ ဘ၀တို့ ရဲ့ တစ္ဆေပေါင်းများစွာရယ်..။

ဘ၀လက်မဲ့ ( 2 )

အခြေအမြစ်မှ မရှိခဲ့တာ ဘယ်တည်မြဲပါ့မလဲ ပန်းကောင်း မဟုတ်လို့ အညွှန့်ချိုးမခံရတာတောင် ကျေးဇူးတင်မိပါရဲ့ .. ဒိုင်ယာရီထဲမှာ အိပ်နေခဲ့လို့ အချိန်တွေ ဟောင်းနွမ်းသွားတာ မမှီလိုက်ပြန်ဘူး ၀မ်းမနည်းတော့ပါ.. ဒီထက်ပိုလည်း ဒီလောက်ပါပဲ.. နာရီတွေသာ ပြီးဆုံးသွားခဲ့တယ်.. ရယ်သံတွေက မရပ်တန့်ခဲ့ပါ အဆိပ်ပင်ရေ မလောင်းရတဲ့ တားမြစ်သံ တိုးတိုးကိုလည်း ယဲ့ယဲ့ ပြန်ကြားခဲ့ ရှေ့ဆက်မဲ့ ငါ့ခြေလှမ်း ပုလင်းကွဲရှတာလား ခြောက်ထဲကြတာလား အင်းပေါ့.. တံတားမှမရှိပဲကိုး ငါ ကိုယ်တိုင်ကလည်း လှေကားမှ မယူခဲ့မိပဲကွယ်.. နောက်တစ်ကြိမ်ဆိုတာ မရေရာပေမဲ့.. ယ္ခု အကြိမ်မှာတော့လေ.. ငါ.............. သေချာစွာ လှလှပပ ပြိုလဲခဲ့ပေါ့ကွယ်.. ပြန်လမ်းမဲ့ကျွန်းရဲ့ ထောင့်တနေရာမှာပေါ့..။

ဘ၀ လက်မဲ့ ( 1 )

ပါးစပ်ထဲလက်နှိုက်ပြီး အန်ထုတ်မယ် ဆိုရင်တောင် ထွက်လာတဲ့ အရာတွေက ငါ သောက်ခဲ့တဲ့ ရေတွေပါပဲ.. ဗိုက်မှောက်ပြီး အိပ်နေရအောင်လဲ ငါ.. သောက်ခဲ့တဲ့ရေတွေ အတွက် အားနာမိပါရဲ့ .. ဒါပေမဲ့ကွယ်.. ငါ.. ဗိုက်မှောက်ခဲ့ရပါတယ်..။ ကုန်မြန်လွန်းလှပါတယ်. ကျော်လွန်ခဲ့တဲ့ အချိန်တွေရယ်.. သြော်..ခုများတော့လဲ ဘာမှမဟုတ်သလိုနဲ့ .. တရွေ့ ရွေ့ တရွေ့ ရွေ့ ပွန်းပဲ့ခဲ့ပြန်ပေါ့.. နေ၀င်တော့မယ်ကွယ်.. တနေ့တာအတွက် သူ့တာဝန် ပြီးဆုံးခဲ့ပြီလေ ငါ့ ဘ၀ရော ဘယ်တော့များ နေ၀င်လေမလဲ တစ်ချိန်မှာပေါ့....?? နှောင်းခဲ့ပြီကွယ် ထုပ်ဝန်တာတွေ အပြည့်နဲ့ပေါ့ မပြီးသေးပေမဲ့ ပြီးဆုံးခဲ့ပြီလေ တောင်စွယ်မရှိပဲ နေကွယ်ခဲ့တဲ့ ငါ.. ရေတခွက်တော့ .. သောက်ချင်ပါသေး ရဲ့.......။ သူငယ်ချင်းတွေ နဲ့ အတူနေချိန် သော်ဝ်မိုဃ်းခဏ့် ( မင်းကြေကွဲ ) ရေးထားတဲ့ကဗျာလေးပါ.. အတူခံစားခဲ့ရလို့ ကျနော် စပ်တာမဟုတ်ပေမဲ့ ကျနော်စပ်ထားသလိုပါပဲ..။

အိုဆည်းဆာ..

တမ်းတခွင့်ပြုပါ ငါ့အိမ်မက့်တွေညောင်းလွန်းလို့...... နုတ်ဆိတ်ခွင့် ပြုပါ ငါ့နှလုံးသားတွေ မောလွန်းလို့..... ဘယ်အချိန်ထဲက အမြစ်တွယ်နေမှန်းမသိတဲ့ ငါ့ ရဲ့ ဧဒင်ပန်းပင်တချို့ကတောင် သူတို့ ဘ၀အတွက် အာမခံချက်တွေ တောင်းနေလေရဲ့ ကဲ ဆည်းဆာ မင်းပြောပါ...... သံစဉ်ဟောင်း တေးသွားတပုဒ်နဲ့ သစ်အိုပင်အောက်က ကြိုးပြတ်ဂစ်တာတလက်သာ ပိုင်ဆိုင်တဲ့ ငါ့ဘ၀ကြီးက ဘာတွေများ ထပ်ပြီးပေးဆပ်ရအုန်းမှာတုန်း..........။

ကြယ်စင်

နေရောင်ထက် လျင်မြန်တဲ့ အဟုန်နဲ့ မင်း ငါ့ ရင်ထဲကို ၀င်ရောက်ခဲ့တယ်.... ဘယ် အချိန်ကထဲက အမြစ်တွယ်နေမှန်း မသိလို့ ဘာပင်လဲဆိုတာ သေသေချာချာ ငါ မသိခဲ့ဘူး ဒါပေမဲ့.... တခုတော့ ရှိတယ် ငါ့ နှလုံးသား နံရံမှာ မင်းပန်းချီကားတွေ ပြည့်နေတယ်ဆိုတာတော့ သေချာတယ် ဘာတွေဖြစ်နေမှန်း မသိအောင်ကို ငါ့ရင်တွေ လှုပ်ခါနေတယ်.... တကယ်ပါ...... မင်းအသံတွေ အခါခါ အော်နေတဲ့ ငါ့ အိပ်မက်တွေတောင် မင်းကြောင့် ခြောက်ကပ်ကပ်နဲ့ နေထွက်ခဲ့ရပေါင်း များပြီ.....။